top of page
Writer's picturemachinthe

မြန်မာပြည်ရဲ့ ဒီကိုလိုနိုက်ဇေရှင်း

မြန်မာပြည်ရဲ့ နိူင်ငံရေးမှာ ဒီကိုလိုနိုက်ဇေရှင်းဆိုတာ ခုတော်လှန်ရေးကာလနောက်ပိုင်းမှာ တော်‌တော်ပြောလာကြတာတွေ့ရတယ် အဲ့တော့ ဒီကိုလိုနိုက်ဇေရှင်းကို အရင်ဆုံး ၂၀၁၂ ခုနှစ်မှာ စတင်သုံးစွဲခဲ့တဲ့ အမေရိက‌တိုက်က အင်ဒီးဂျနင့် ပညာရှင်နှစ်ဦးဖြစ်တဲ့ အိဗ်တပ်ခ် နဲ့ ကေဝိုင်းရမ်းတို့ရဲ့ စာတမ်းထဲက သူတို့ အဓိပ္ပါယ်ဖွင့်ခဲ့တဲ့ ဒီကိုလိုနိုက်ဇေရှင်းနဲ့ ခုလက်ရှိသုံးနေကြတဲ့ ဒီကိုလိုနိုက်ဇေရှင်းက ဘာတွေ ကွာဟနေသလဲ ပြန်သုံးသပ်ကြည့်ချင်တယ်


တပ်ခ်နဲ့ ရမ်းရဲ့ စာတမ်းက သူ့ရဲ့ခေါင်းစဉ်အတိုင်း Decolonization is not a metaphor ဒီကိုလိုနိုက်ဇေရှင်းဆိုတာ အင်္လကာမဟုတ် ဆို

တာနဲ့ နာမည်ကြီးခဲ့ ကြီးနေဆဲပါ ဒီအဓိပ္ပါယ်ကတော့ အမေရိက‌တိုက်မှာ လူဖြူကိုလိုနီတွေ ကျူးကျော်နယ်ချဲ့ပြီးနောက် နယ်‌မြေသိမ်းပိုက်ခံခဲ့ရတဲ့ အင်ဒီးဂျနင့်လူမျိုးစုတွေအတွက် ဒီကိုလိုနိုက်ဇေရှင်းဟာ ပတ်ဝန်းကျင်ကြီး ပြောင်းလဲအောင် အတွေးအခေါ်တွေ ကိုလိုနီမှိုင်းကလွတ်မြောက်အောင်မျိုးကို ဆိုလိုတာမဟုတ်ဘဲ သူတို့တွေရဲ့ နယ်‌မြေကို ပြန်ပေး‌ဖို့ တောင်းဆိုတာပဲလို့ ဆိုထားပါတယ် နှစ်ပေါင်းများစွာ ခိုးခံထားရတဲ့ နယ်‌မြေတွေကို ပြန်မပေးမချင်း ဒီကိုလိုနိုက်ဇေးရှင်းလို့ သုံးလို့ မရပါဘူးဆိုပြီး ဆိုထားတာပါပဲ


တပ်ခ်နဲ့ ရမ်းပြောခဲ့တဲ့ ကိုလိုနီသဘာဝဟာ ဒီနေရာမှာ settler colonialism လို့ခေါ်တဲ့ အခြေချကိုလိုနီပြုခြင်းနဲ့ လုံးဝပတ်သက်နေပါတယ် ကိုလိုနီစနစ်တွေ အမျိုးမျိုးရှိတဲ့ ကြားက အ‌ခြေချကိုလိုနီပြုခြင်းဟာ ကမ္ဘာတစ်ဝှမ်းက အင်ဒီးဂျနင့်လူမျိုးစုတွေအပေါ်မှာ အကြမ်းဖက်အခံခဲ့ရဆုံး ကိုလိုနီစနစ်တစ်ခု ဖြစ်ပြီး ခုလက်ရှိထိ ရုပ်ဝတ္တုပိုင်းဆိုင်ရာ သက်ရောက်မှုတွေရှိနေပါတယ် ဥပမာ အမေရိကတိုက်မှာဆိုရင် ဥရောပတိုက်ဖွား လူဖြူတွေဟာ အင်ဒီးဂျနင့်လူမျိုးတွေ နဂိုမွေးဖွားလှည့်လည်နေတဲ့ ဒေသတွေကို သူတို့ ရှာ‌တွေ့မှ တွေ့ရတဲ့ လွတ်လပ်နေသော နေထိုင်သူမရှိတဲ့ နယ်‌မြေသဖွယ် ခြယ်လှယ်ပိုင်စိုးပြီး အခုဆို US တို့ Canada တို့လို လူဖြူကြီးစိုးတဲ့နိူင်ငံတွေအဖြစ် အသွင်ပြောင်းလိုက်ကြပါတယ်


ဒီ အခြေချကိုလိုနီပြုခြင်းဟာ မြန်မာ အိန္ဒိယကို ပိုင်စိုးခဲ့တဲ့ ဗြိတိန်ကိုလိုနီစနစ် အင်ဒိုနီးရှားကို ပိုင်စိုးခဲ့တဲ့ ဒပ်ခ်ျကိုလိုနီစနစ် တောင်အမေရိကတိုက်နဲ့ ဖိလစ်ပိုင်တို့ကို ပိုင်စိုးခဲ့တဲ့ စပိန်ကိုလိုနီစနစ် အစရှိတဲ့ တခြားကိုလိုနီစနစ်တွေနဲ့ မတူပါဘူး ဗြိတိန်ဟာ အိန္ဒိယနဲ့ မြန်မာကို တစ်ချိန်မှာ လွတ်လပ်ခွင့်ပေးတယ်ဆိုပြီး နယ်‌မြေပြန်ဆုတ်သွားရှိခဲ့ပေမဲ့ အမေရိကတိုက်က အင်ဒီးဂျနင့်လူမျိုးစုတွေအတွက်တော့ ခုထက်ထိ ကိုလိုနီတွေဟာ နယ်မြေပြန်ပေးတာမျိုး မရှိသေးပါဘူး


တပ်ခ်နဲ့ ရမ်းရဲ့ စာတမ်းကို အ‌ခြေခံပြီး ပုံမှာ ပြထားတဲ့အတိုင်း အင်ဒီးဂျနင့်တက်ကြွလှုပ်ရှားသူ တန်ညာရိုဒရီးဂပ်ဇ်က အင်ဒီးဂျနင့်လူမျိုးတွေကလွဲလို့ (အခြေချကိုလိုနီပြုခံထားရတဲ့ လူတွေကလွဲလို့) လူမည်း လူညိုအစရှိတဲ့ တခြားသော ဖိနှိပ်ခံလူတန်းစားတွေဟာ ဒီကိုလိုနိုက်ဇေရှင်းလို့ သုံးလို့ မရဘူးလို့ ပြတ်ပြတ်သားသားဆိုထားပါတယ် အလွန်ဆုံး သုံးလို့ရ uncolonize ကိုလိုနီစနစ်/ဝါဒကို ပြောင်းပြန်လှန်ခြင်းလို့ပဲ သုံးလို့ရတယ်လို့ ပြောထားပါတယ် ဒါက ဘာလို့လဲဆိုတော့ ခုခေတ်ကြီးမှာ လူဖြူတင်မကတော့ဘူး ရွှေ့ပြောင်း‌အခြေချမှုတွေကြောင့်၎င်း ကျွန်ပြုစနစ်တွေကြောင့်၎င်း ဒီအ‌ခြေချကိုလိုနီသဘောတရားမှာ လူမည်းတွေရော ပြောင်းရွှေ့အခြေချသူ လူညိုတွေရော ပါဝင်ပတ်သက်အကျိုးကျေးဇူးရနေလို့ပဲ ဖြစ်တယ် တန်ညာရိုဒရီးဂပ်ဇ်ရဲ့ အက်ဆေးလင့်ခ်ကို အောက်မှာ ထည့်ထားပေးပါတယ်


အဲ့တော့ ဒီကိုလိုနိုက်ဇေးရှင်းကို မြန်မာပြည်လို တစ်ချိန်က လူဖြူကျူးကျော်ခံခဲ့ရတဲ့နိူင်ငံ သို့ပေသိ လက်ရှိမှာ ၎င်းကိုယ်တိုင် ကိုလိုနီစနစ်ကို ပြန်ကျင့်သုံးနေတဲ့ နိူင်ငံအတွက် ဘယ်လို စဉ်းစားကြည့်ကြမလဲ အခြေချကိုလိုနီပြုခြင်းဟာ ဒီခေတ်မှာ လူဖြူတွေမှ လုပ်တာမျိုးမဟုတ်ပါဘူး လူဖြူသဘောသဘာဝလို့ခေါ်တဲ့ whiteness ကို ပြန်မြုံတဲ့ လူညို လူမည်း ဖိနှိပ်ခံလူတန်းစားတွေကလည်း ပြန်လည်ကျင့်သုံးနေတာတွေ တွေ့နေရပါတယ် ဥပမာ အိန္ဒိယမှာဆိုရင် ကပ်မ်ရှမီးရားလို့ ခေါ်တဲ့ အင်ဒီးဂျနင့်လူမျိုးစုကို အိန္ဒိယအစိုးရက ပြန်လည်သိမ်းပိုက်ဖိနှိပ်တာ လက်ရှိမှာ ဖြစ်နေတုန်းပါ အဲ့တော့ မြန်မာပြည်မှာရော ဒီကိုလိုနိုက်ဇေရှင်းအကြောင်းပြောဖို့ ဘယ်သူတွေကို ဘယ်သူတွေက နယ်မြေပြန်သိမ်းပိုက်ကျူးကျော်ထားသလဲဆိုတာ တွေးသင့်တယ်


ဟိုတစ်လောက သူပုန်စာမျက်နှာမှာ မြန်မာပြည်တွင်းက ဒီကိုလိုနိုက်ဇေရှင်းနဲ့ ပတ်သက်ပြီး ရေးထားတဲ့ ပို့စ်တစ်ခု ဖတ်ရတယ် (လင့်ခ်ကို အောက်မှာ ထည့်ထားပေးပါတယ်) အဲ့ဒီ့ပို့စ်ရဲ့ စာရေးသူက မြန်မာပြည်နဲ့ ပတ်သက်တဲ့ ဒီကိုလိုနိုက်ဇေရှင်းဆိုတာ သုံးသပ်သွားတာ ကျွန်မတော့ အများစု သဘောတူပါတယ် အကျဉ်းချုပ်ရရင် မြန်မာပြည်တွင်းမှာ ဗမာ‌ကိုယ်တိုင်ကိုက ပါဝင်လုပ်ကိုင်နေတဲ့ အခြေချကိုလိုနီပြုခြင်းကို ပြန်တွန်းလှန်တဲ့နေရာမှာ တပ်ခ်နဲ့ ရမ်းပြောထားတဲ့ အင်ဒီးဂျနင့်တွေအတွက် ဒီကိုလိုနိုက်ဇေရှင်းသဘောတရားနဲ့ ဆင်တူပါပဲ မြန်မာပြည်တွင်းက ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေ ဘာသာစကားအရ အင်္ကျီအဝတ်အစားအရ အစားအသောက် ပြုမူနေထိုင်ပုံတွေအရ နယ်မြေတွေ သိမ်းပိုက်ကျူးကျော်ပြီး ဗမာလို ကိုလိုနီပြုထားတာဟာ လူဖြူတွေ အမေရိကတိုက်မှာ အင်ဒီးဂျနင့်တွေကို ကိုလိုနီပြုထားသလိုပါပဲ


သူပုန်ရဲ့ ပို့စ်ထဲက နောက်ထပ်အာဘော်တစ်ခုက အတွေးအ‌ခေါ်တွေကို ပြုမူကျင့်ကြံမှုတွေကို ကိုလိုနီပြုခြင်းကို ဒီကိုလိုနိုက်လုပ်ရမယ်ဆိုတာပါပဲ ဒါကိုတော့ ကျွန်မအမြင်တော့ တပ်ခ်နဲ့ ရမ်းရဲ့အဆိုအရ တန်ညာရိုဒရီးဂပ်ဇ်ရဲ့ အမြင်အရတော့ ဒီကိုလိုနိုက်ဇေရှင်းလို့ လုံးဝဥဿုံခေါ်လို့ မရပြန်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ လူဖြူကြီးစိုးရေးဝါဒက ကျွန်မတို့လို ကျွန်ပြုခံခဲ့ရတဲ့နိူင်ငံက လူတွေဆီမှာ ရှင်သန်နေဆဲဖြစ်ပေမဲ့ အထက်ကပြောခဲ့သလို့ ကိုလိုနီသဘောသဘာဝချင်း ကွာခြားနေလို့ပါပဲ တန်ညာရိုဒရီးဂပ်ဇ်ပြောခဲ့သလို ဒါမျိုးတွေကိုတော့ ကိုလိုနီစနစ်/ဝါဒကို ပြောင်းပြန်လှန်ခြင်းလို့ သုံးလို့ရမယ်


ဒီနေရာမှာ စာဖတ်သူက မေးချင်မေးမယ် အခေါ်အဝေါ် အသုံးအနှုန်းတွေပဲ ဘာထူးသလဲ အတူတူပဲ ပြန်ချေပလို့ ရပါတယ် ဒါပေမဲ့ ဒီလို အသုံးအနှုန်းတွေကို လက်လွယ်စပယ်မသုံးတာဟာ ဒီ သီအိုရီ လုပ်ရပ်ကို အရင်ဖွင့်ဆိုခဲ့တဲ့ အင်ဒီးဂျနင့်ပညာရှင်တွေ တက်ကြွလှုပ်ရှားသူတွေရဲ့ အသံတွေကို မဖျောက်ဖျက်ရာ ကျပါတယ် အခုဆိုရင် ဒီကိုလိုနိုက်ဇေရှင်းဆိုတာကို အရင်းရှင်စနစ်တွေကပါ decolonize your diet စားသုံးမှုကို ဒီကိုလိုနိုက်လုပ်ပါ decolonize your clothes အဝတ်အစားတွေကို ဒီကိုလိုနိုက်လုပ်ပါအစရှိသဖြင့် အလွဲသုံးစားလုပ်လာကြပါပြီ ဒါတွေကို ကြိုတွေးပြီး တပ်ခ်နဲ့ ရမ်းဟာ ဒီကိုလိုနိုက်ဇေရှင်းဟာ အင်္လကာမဟုတ်ဆိုပြီး နိုးဆော်ခဲ့တာ ဖြစ်ပါတယ်


သူပုန်က ဒီနေရာမှာ ဒီကိုလိုနိုက်ဇေရှင်းဆိုတဲ့ အတွေးအခေါ် အသုံးအနှုန်းကအစ အနောက်နိူင်ငံက လာတာဖြစ်တယ်ဆိုပြီး သုံးသပ်ထားပါတယ် ဒါဟာ မှန်ပေမဲ့ အင်ဒီးဂျနင့်အသံတွေကို အနောက်နိူင်ငံ လူဖြူဝါဒတွေနဲ့ တစ်ပေါင်းတည်း ထည့်မတွေးသင့်ဘူးလို့ ကျွန်မကတော့ ထင်တယ် အရှေ့ အနောက်ဆိုတဲ့ ပညတ်ချက်တွေဟာ ဂလိုဘယ်လိုက်ဇေရှင်းခေတ်နောက်မှာ မတည်ငြိမ်တော့ပါဘူး အဲ့ဒါအပြင် မြန်မာပြည်မှာတော့ ဗမာဟာလည်း အင်ဒီးဂျနင့်ပါပဲဆိုပြီး ချေပတဲ့သူတွေ ရှိသေးတယ် အဲ့ဒီ အမြင်နဲ့ ရခိုင်ပြည်က ရိုဟင်ဂျာလူမျိုးတွေဟာ နိူင်ငံခြားသားကျူးကျော်သူတွေပါဆိုပြီး ချေပကြတာတွေ ကြားဖူးပါတယ် ဒါကလည်း သူ့နည်းသူ့ဟန်နဲ့ ဒီကိုလိုနိုက်ဇေးရှင်းဆိုပြီး ခေါင်းစဉ်ပြန်တပ်လို့ရနေပါတယ်


အဲ့တော့ အရှေ့ အနောက် ခွဲမဲ့အစား မြန်မာပြည်ထဲမှာ အနောက်နိူင်ငံမှာ အာဖရိကတိုက်မှာ အာရှတိုက်မှာ ကုန်ကုန်ပြောရရင် ကမ္ဘာတစ်ဝှမ်းလုံးမှာ ဆင်တူနေတဲ့ ဖိနှိပ်ခံရမှုတွေ ရုန်းကန်ရခြင်းတွေကို ဦးစားပေး စဉ်းစားရင် တပ်ခ်နဲ့ ရမ်းပြောခဲ့တဲ့ ဒီကိုလိုနိုက်ဇေးရှင်းဟာ မြန်မာပြည်အတွက် ဘယ်လို အသုံးဝင်မလဲဆိုတာ ပိုပြီး သိသာလာမယ်လို့ ကျွန်မတော့ ထင်မိတယ်


ဒီဇင်ဘာ ၁၈ ၂၀၂၁


Tanya Rodriguez's essay: https://gdiriseup.medium.com/decolonization-a-guidebook-for-settlers-living-on-stolen-land-57d4e4c04bbb





Kommentare


bottom of page